Switch ကို လျာထားတဲ့ ပမာဏထက် ပိုပြီး ထုတ်လုပ်ဖို့ ဖြစ်လာတဲ့ Nintendo

date_range 30 May 2017

Switch ကို လျာထားတဲ့ ပမာဏထက် ပိုပြီး ထုတ်လုပ်ဖို့ ဖြစ်လာတဲ့ Nintendo

visibility 150 Views

                Nintendo ရဲ့Television-based နဲ့ portable ဂိမ်းစက် နှစ်မျိုးပေါင်းစပ်ထားတဲ့ hybrid အမျိုးအစား Switch ဂိမ်းစက်တွေက မတ်လမှာ ပထမဆုံးလအတွက် လျာထားတဲ့ ရောင်းအား အလုံးရေ ၂ သန်းကို အသာလေး ကျော်ဖြတ်ပြခဲ့ပြီး ဧပြီလထဲမှာလည်း အရောင်းရဆုံး စာရင်းတွေထဲမှာ ထိပ်ဆုံးက နေရာယူခဲ့ပါတယ်။ ဒေါ်လာ ၃၀၀ တန်ဖိုးရှိတဲ့ Switch က သူတို့ထုတ်လုပ်ခဲ့သမျှ ဂိမ်းစက်တွေထဲမှာ အမြန်ဆုံးရောင်းကုန်တဲ့ ဂိမ်းစက်အမျိုးအစားလို့လည်း Nintendo က ကြေညာခဲ့ပါတယ်။

                ကမ္ဘာ့ဈေးကွက်မှာလည်း လက်ရှိရောင်းချဖို့ အသင့်ရှိနေတဲ့ အရေအတွက်ထက် ဝယ်လိုအားက အဆမတန်များနေပြီး ပရိတ်သတ်တချို့ဆိုရင် တရားဝင်မဟုတ်တဲ့ အွန်လိုင်းဆိုက်တွေကနေတဆင့် Switch ကို ကြိုတင်မှာယူဖို့ကြိုးစားနေကြရတဲ့အထိ ဖြစ်နေတယ်လို့ ကုမ္ပဏီနဲ့ နီးစပ်သူတွေက ဆိုပါတယ်။ အခုလို အရောင်းသွက်ခဲ့တာကြောင့် Switch ဂိမ်းစက်တွေကို အရေအတွက် တိုးမြှင့်ပြီး ထုတ်လုပ်ရမယ့် အခြေအနေကို ရောက်လာခဲ့တာပါ။

                လွန်ခဲ့တဲ့ မတ်လလယ်ပိုင်းလောက်က ကြားရတဲ့ သတင်းတွေအရ အခု ဘဏ္ဍာရေးနှစ်အတွက် သတ်မှတ်ထားတဲ့ ဂိမ်းစက်အလုံးရေ ၈ သန်းကနေ ၁၆ သန်းအထိ တိုးပြီး ထုတ်လုပ်ဖို့ စီစဉ်လိုက်ပြီလို့ သိရပါတယ်။

                Financial Times မှာ ဖေါ်ပြထားတဲ့ သတင်းအရတော့ လာမယ့်နှစ် မတ်လမှာ ကုန်မယ့် ဘဏ္ဍာရေးနှစ်အတွက် ကြိုတင်မှာယူမှုပေါင်း ၁၆ သန်းကနေ ၁၈ သန်းအထိ လက်ခံသွားမယ်လို့လည်း ဆိုပါတယ်။ အခုလို တိုးမြှင့်လိုက်ရတဲ့ အကြောင်းအရင်းကတော့ နိုဝင်ဘာလမှာ ကျရောက်မယ့် Thanksgiving Day (ကျေးဇူးတော်နေ့) နဲ့ ဒီဇင်ဘာမှာ ကျရောက်မယ့် ခရစ်စမတ်အမီ ပစ္စည်း အလုံအလောက် ရရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။

                နောက်ပြီး Nintendo ရဲ့ Super Mario Odyssey လို့ အမည်ရတဲ့ ဂိမ်းကို နိုဝင်ဘာလထဲမှာပဲ ထွက်ရှိဖို့ စီစဉ်ထားတာကြောင့် အဲဒီရက်မတိုင်ခင် ဂိမ်းစက်တွေ မရရှိခဲ့ရင် အမာခံ ပရိတ်သတ်တွေရဲ့ ဒေါသနဲ့ ကြုံရမှာကိုလည်း မဖြစ်စေချင်တာက တစ်ကြောင်းလို့ ဆိုရပါမယ်။

                အခုလို အရေအတွက် တိုးမြှင့်ပြီး ထုတ်လုပ်လိုက်တာကြောင့် Switch ဂိမ်းစက်တွေကို လာမယ့် Black Friday* မှာ ပစ္စည်းအရေအတွက် လုံလုံလောက်လောက်ရမလားဆိုတာကိုလည်း အားလုံးက စိတ်ဝင်စားနေကြပါတယ်။ 

                *[Black Friday ဆိုတာကတော့ နှစ်စဉ် နိုဝင်ဘာလရဲ့ စတုတ္ထမြောက် ကြာသပတေးနေ့တိုင်းမှာ ကျရောက်တဲ့ Thanksgiving Day အပြီး နောက်တစ်နေ့ဖြစ်ပြီး ဈေးဝယ်ထွက်ဖို့ အားလပ်ရက်အဖြစ် အများက သတ်မှတ်ထားတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့မှာ ကုန်တိုက်အတော်များများကလည်း လျှော့ဈေးနဲ့ ရောင်းချတာမျိုးတွေ ပြုလုပ်တတ်ပါတယ်။]

This Article is Contributed by Min Hein Kyaw
References
Financial Times Comicbook
About Author
Assinged Tags
Gaming News Nintendo Switch Nintendo Super Mario Odyssey Gaming Related
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed