သေရွာပြန်ဖာရိုဘုရင်တွေ၊ ကျိန်စာသင့် Mummy တွေနဲ့ အီဂျစ်နတ်ဘုရားတွေအပါအဝင် စစ်အင်အားကြီးရိုမန်တွေနဲ့ရင်ဆိုင်ရမယ့် Assassin's Creed: Origins ရဲ့ DLC အသစ်များ

date_range 21 October 2017

သေရွာပြန်ဖာရိုဘုရင်တွေ၊ ကျိန်စာသင့် Mummy တွေနဲ့ အီဂျစ်နတ်ဘုရားတွေအပါအဝင် စစ်အင်အားကြီးရိုမန်တွေနဲ့ရင်ဆိုင်ရမယ့် Assassin's Creed: Origins ရဲ့ DLC အသစ်များ

visibility 1380 Views

                Assassin's Creed စီးရီးရဲ့ ဂိမ်းအသစ်ဖြစ်တဲ့ Assassin's Creed: Origins ကို ဂိမ်မာများ အားလုံးကမျှော်လင့်ချက်ကြီးစွာ စောင့်မျှော်နေကြပါပြီ။ ရှေးကျလှတဲ့ ခေတ်ဟောင်းအီဂျစ်ပြည်မှာ ဇာတ်အိမ်တည်ထားပြီး ဂိမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဆူဒန်မြို့မြောက်ပိုင်းသား 'Bayek' ကို အရာအားလုံးကို စတင်ခဲ့တဲ့ Assassin Brotherhood ကြီးနဲ့အတူ ဖန်သားပြင်ပေါ်မှာ အားလုံးမြင်တွေ့ဆော့ကစားရတော့မှာပါ။ အရင်ခွေတွေနဲ့မတူဘဲ Assassin Brotherhood ကြီး ဘယ်လိုမျိုးဖြစ်ပေါ်လာသလဲဆိုတဲ့ဇာတ်ကြောင်းနဲ့ တစ်မူထူးခြားသွားတဲ့ ဂိမ်းကစားပုံစံ၊ ကွဲပြားသွားတဲ့ ဂိမ်းတွင်းလုပ်ဆောင်ချက်အသစ်တွေနဲ့ အနုပညာမြောက်စွာဖန်တီးထားတဲ့ Assassin Creed: Origins ကို Ubisoft က အရှိန်အဟုန်ကောင်းကောင်းနဲ့ အောက်တိုဘာလ (၂၇) ရက်နေ့မှာ ပလက်ဖောင်းအားလုံးဆီ တပြိုင်တည်း ထုတ်ပေးသွားမှာဖြစ်ပါတယ်။


                Ubisoft အနေနဲ့ AC စီးရီးရဲ့ ထွက်ရှိခဲ့သမျှ ဂိမ်းတိုင်းကို Expansion တွေ အမြဲတမ်း ပေါင်းထည့်လေ့ထည့်ထမရှိခဲ့ပေမယ့်၊ အမေရိကန်တော်လှန်ရေးစစ်သမိုင်းကိုအခြေခံထားတဲ့ Assassin's Creed 3 အတွက် 'King Of The Washington' နဲ့ 'Tyranny Of The King'၊ Assassin တစ်ဖြစ်လဲ၊ ပင်လယ်ဓါးပြတစ်ယောက်ရဲ့ဘဝကို လက်တွေ့ကျကျခံစားရမယ့် Assassin's Creed Black Flag အတွက်ဆိုရင် 'Freedom Cry'၊ ဒုတိယမြောက်စက်မှုတော်လှန်ရေးဖြစ်ပွားနေတဲ့ကာလ၊ ၁၈ ရာစုနှောင်းလန်ဒန်မြို့နဲ့ အဲဒီအချိန်တဝိုက်ကလန်ဒန်မြို့အတွင်း ကြီးစိုးကျက်စားနေတဲ့လူဆိုးဂိုဏ်းတွေကို ပုံဖော်ပေးထားတဲ့ Assassin's Creed Syndicate အတွက်ဆိုရင်တော့ 'Jack The Ripper' အစရှိတဲ့ DLC (downloadable contents) ထပ်ပေါင်းဂိမ်းတွေ ထည့်ပေးပြီး မူရင်းဂိမ်းကိုအခြေခံထားတဲ့ ဂိမ်းတွင်းအတွေ့အကြုံသစ်တွေ ပေးစွမ်းခဲ့ပါတယ်။ AC ဂိမ်းတိုင်းရဲ့ ဇာတ်ကြောင်းတွေဟာ နိုင်ငံအသီးသီး၊ ခေတ်အသီးသီးက တကယ့်ဖြစ်ရပ်မှန်သမိုင်းကြောင်းတွေအပေါ်မှာ အခြေခံထားတာဖြစ်တဲ့အတွက် AC ဂိမ်းတွေမှာ ထပ်မံပေါင်းထည့်ထားတဲ့ DLC တွေဟာလည်း သူတို့မူရင်းဂိမ်းရဲ့သမိုင်းကြောင်းတွေနဲ့ တစ်နည်းမဟုတ်တော့တစ်နည်း ဆက်နွယ်နေစမြဲပါ။ ဒီတော့ အခုနောက်ဆုံး Origins အခွေသစ်မှာရောဘယ်လိုမျိုး ထပ်ပေါင်း DLC တွေပါလာမလဲ? ထွက်လာဖို့ရောအစီအစဉ်ရှိရဲ့လား? အဲဒီလိုမေးခွန်းထုတ်နေသူများအတွက် အဖြေကရှိနေပါပြီ။

                အားလုံးစိတ်ကြိုက် တစ်ဝကြီး အပိုဆောင်းဆော့ကစားနိုင်စေဖို့ Assassin's Creed Origins မှာမူရင်းဂိမ်းအပြင် Gold Edition, Deluxe Edition နဲ့ နောက်ထပ် DLC နှစ်ခုကိုထပ်မံထည့်သွင်းပေးသွားမှာပါ။ ဒီတော့နောက်ထပ်ပေါင်းထည့်မယ့် DLC တွေကဘယ်လိုမျိုးလဲ? ဘယ်လိုမျိုးနောက်ခံသမိုင်းဇာတ်ကြောင်းတွေပါဝင်မလဲ? အစရှိနေတာတွေကိုစုစည်းပြီး ဂိမ်မာများအားလုံးသိရှိစေဖို့ ဒီကနေဖော်ပြလိုက်ရပါတယ်။

နယ်မြေသစ်ကိုကျူးကျော်ဝင်ရောက်လာတဲ့ အင်အားကြီးရိုမန်တွေရဲ့ရင်ဆိုင်ရမယ့် The Hidden Ones


                သမိုင်းကြောင်းအရ ဘုရင်မကီလီယိုပတ်တရာရဲ့ချစ်သူ စစ်သူကြီးမက်ခ်အန်ထော်နီဟာ သူ့နဲ့အချစ်ပြိုင်ဖက်ဖြစ်တဲ့ အော်ခ်တဗီယန်ကို ရှုံးနိမ့်သွားပြီးနောက်ပိုင်းမှာ အီဂျစ်ပြည်ကြီးဟာ ရိုမန်တွေရဲ့သိမ်းပိုက်မှုကိုခံခဲ့ရပြီး ၃၀ ဘီစီနောက်ပိုင်းမှာတော့ အီဂျစ်ပြည်ကြီးကို ရိုမန်လက်အောက်ခံနယ်တစ်ခုအဖြစ် ပြန်လည်ထူထောင်လိုက်ပါတယ်။ အခုလည်းဒီ DLC မှာ Assassin ဖြစ်သူ အဓိကဇာတ်ဆောင် 'Bayek' ဟာ အဲဒီလို ကျူးကျော်ဝင်ရောက်လာတဲ့ အင်အားကြီးရိုမန်တပ်တွေရဲ့ သိမ်းပိုက်မှုကနေ အီဂျစ်ပြည်ကြီးကို ဘယ်လိုမျိုးကာကွယ်သွားမလဲဆိုတာကို ဂိမ်မာများ မျက်ဝါးထင်ထင်တွေ့မြင်ရုံတင်မက Bayek နေရာကနေ ဝင်ရောက်ပြီးခံစားနိုင်မှာပါ။

                ပြင်းထန်လှတဲ့စစ်ပွဲတွေနဲ့ အီဂျစ်ပြည်၊ ရိုမန်စစ်တပ်အင်အားချင်းပြိုင်မှုတွေကြား တကယ့်သမိုင်းထဲကအတိုင်းရှုံးနိမ့်သွားမလား? ဒါမှမဟုတ် ဂိမ်မာတွေကပဲသမိုင်းကိုကိုယ်တိုင်ပြောင်းလဲနိုင်မလား? အဆုံးသတ်ကဘယ်လိုမျိုးဖြစ်သွားမလဲဆိုတာတော့ ဂိမ်မာတွေအပေါ်မှာမူတည်နေပါတယ်။

သမိုင်းတစ်ခေတ်ကသေရွာပြန်ဖာရိုဘုရင်တွေ၊ မာမီဖုတ်ကောင်တွေနဲ့ရင်ဆိုင်ရမယ့် "The Curse Of The Pharoahs" DLC 


                The Mummy ရုပ်ရှင်ဇာတ်ကားကို အားလုံးမှတ်မိကြမယ်ထင်ပါတယ်။ ရှေးခေတ်အီဂျစ်ပြည်မှာ ကျင့်သုံးခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ဘုရင်စနစ်၊ ကန္တာရကင်းမြီးကောက်ကြီးတွေနဲ့ အသက်ပြန်ဝင်လာတဲ့ မာမီရုပ်အလောင်းတွေကို အတိုင်းသားတွေ့မြင်ခဲ့ရလို့ ပရိသတ်တွေ လုံးဝအကြိုက်တွေ့ခဲ့တဲ့ရုပ်ရှင် ဖြစ်ပါတယ်။ ဒါပေမယ့် အခုဒီ The Curse Of The Pharoahs ဆိုတဲ့ DLC မှာ အဲဒါတွေအားလုံးကို Assassin တစ်ယောက်အနေနဲ့ ဂိမ်မာတွေက ရင်ဆိုင်ရမှာပါ။ အသက်ပြန်ဝင်လာတဲ့ ဖာရိုဘုရင်ရုပ်အလောင်းတွေ၊ အဆမတန်ကြီးမားလှတဲ့ ကင်းမြီးကောက်ကြီးတွေ၊ ပိရမစ်ထဲက မာမီအလောင်းကောင်တွေ အစရှိတဲ့ ရန်သူသစ်တွေကို Assassin တစ်ယောက်ဖြစ်တဲ့အဓိကဇာတ်ကောင် Bayek အနေနဲ့ ချွပ်ချွပ်ချွံချွံ ရင်ဆိုင်တိုက်ပွဲရမှာပါ။ AC ဂိမ်းစီးရီးအနေနဲ့ အမြဲတမ်းလက်တွေ့ဆန်တဲ့ဇာတ်ကြောင်းမျိုးကိုသာ ဂိမ်းအတွင်းမှာ ဖော်ပြလေ့ရှိခဲ့ပေမယ့်၊ အခုဒီမှာတော့ စိတ်ကူးယဉ်ဒဏ္ဍာရီတစ်ခုသဖွယ် လူတွေသမုတ်ကြတဲ့ ဟိုးသမိုင်းတစ်ခေတ်က သေရွာပြန်ဖာရိုဘုရင်တွေနဲ့ မာမီအလောင်းကောင်တွေဆီ ပြန်လည်ခေါ်ဆောင်သွားတော့မှာပါ။

လက်နက်ဝတ်စုံသစ်တွေ ပါဝင်တဲ့ Package နှစ်မျိုးနဲ့ အီဂျစ်နတ်ဘုရားတွေနဲ့ကြုံတွေ့ရမယ့် Trial Of Gods


                Assassin's Creed Origins ကို မူရင်းဂိမ်းချည်းပဲမဟုတ်ပဲ Edition ဗားရှင်းတွေကို ဝယ်ယူသူများအဖို့တော့ ဝတ်စုံအသစ်နဲ့ လက်နက်အသစ်တွေပါဝင်တဲ့ Package နှစ်ခုကို ထပ်ဆောင်းရရှိသွားမှာပါ။ အဲဒီပက်ကေ့ချ်တွေကတော့ ရိုမန်စတိုင်လက်နက်နဲ့ဝတ်စုံတွေ ပါဝင်တဲ့The Roman Centurian Pack နဲ့ ကန္တာရလက်နက်ဝတ်စုံသစ်တွေကို အသုံးပြုခွင့်ရမယ့် Horus Pack တို့ပဲ ဖြစ်ကြပါတယ်။


                အဲဒီလိုအခကြေးငွေနဲ့ဝယ်ယူရမယ့် Add-ons တွေအပြင် အခမဲ့ရရှိနိုင်မယ့်ကဏ္ဍတွေအနေနဲ့ ဂိမ်းစတင်ဖြန့်ချိပြီး အချိန်ဆယ့်ငါးရက်အကြာမှာ ဆော့ကစားခွင့်ရှိမယ့် အီဂျစ်နတ်ဘုရားဘော့စ်တွေနဲ့တိုက်ပွဲတွေပါဝင်တဲ့ Trail Of Gods ကဏ္ဍ၊ ဂိမ်းလောကကြီးထဲမှာ လှည့်လည်သွားလာနေရင်းကနေ ကုန်သည်တစ်ယောက်ပေးအပ်တဲ့ နေ့စဉ်တာဝန်တွေ ပြီးမြောက်အောင်ထမ်းဆောင်သွားရင် လျှို့ဝှက်တန်ဖိုးကြီးပစ္စည်းတွေကို ဆုလက်ဆောင်တွေအဖြစ်ရရှိမယ့် The Nomad Bazaar's ကဏ္ဍ၊ ဒါ့အပြင်လူသတ်ကွင်းပြင်ကျယ်ကြီးထဲမှာ ရန်သူတွေကို တစ်ကြော့ပြီးတစ်ကြော့ရင်ဆိုင်ရမယ့် Horde Mode နဲ့ ဂိမ်းတွင်းပုံရိပ်တွေကို လိုသလိုဖမ်းယူရိုက်ကူးနိုင်မယ့် Photo Mode တွေကိုလည်း ဂိမ်မာတွေအတွက် ထည့်သွင်းပေးထားပါတယ်။

DLC များထွက်ရှိလာမယ့် ရက်စွဲအသီးသီး၊ သိရှိရသမျှနဲ့ အနှစ်ချူပ်

                Assassin's Creed Origins ကို PC, PS4 နဲ့ Xbox ပလက်ဖောင်းများမှာ အသီးသီးဆော့ကစားနိုင်မှာဖြစ်တဲ့အတွက် ဂိမ်း DLC တွေဟာလည်း အလားတူပါပဲ။ PC ပလက်ဖောင်းမှာ ဆော့ကစားနိုင်မယ့် ဂိမ်းလိုအပ်ချက် Specs အပြည့်အစုံဟာလည်း မကြာသေးခင်ကမှ အတိအကျထွက်ရှိလာခဲ့ပါပြီ။

MINIMUM CONFIGURATION
  • OS: Windows 7 SP1, Windows 8.1, Windows 10 (64-bit versions only)
  • PROCESSOR: Intel Core i5-2400s @ 2.5 GHz or AMD FX-6350 @ 3.9 GHz or equivalent
  • VIDEO CARD: NVIDIA GeForce GTX660 or AMD R9 270 (2048 MB VRAM with Shader Model 5.0 or better)
  • SYSTEM RAM: 6GB
  • Resolution: 720p
  • Video Preset: Lowest
RECOMMENDED CONFIGURATION
  • OS: Windows 7 SP1, Windows 8.1, Windows 10 (64-bit versions only)
  • PROCESSOR: Intel Core i7- 3770 @ 3.5 GHz or AMD FX-8350 @ 4.0 GHz
  • VIDEO CARD: NVIDIA GeForce GTX760 or AMD R9 280X (3GB VRAM with Shader Model 5.0 or better)
  • SYSTEM RAM: 8GB
  • Resolution: 1080p
  • Video Preset: High

                ထွက်မယ့်ရက်စွဲတွေအနေနဲ့ အင်အားကြီးမားလှတဲ့ရိုမန်တွေရဲ့ကျူးကျော်မှုကို နယ်မြေသစ်မှာ ရင်ဆိုင်ရမယ့် "The Hidden Ones" DLC ဟာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ မှာထွက်ရှိဖြစ်ပြီး၊ သမိုင်းတစ်ခေတ်က သေရွာပြန်ဖာရိုဘုရင်တွေ၊ မာမီဖုတ်ကောင်တွေနဲ့ ရင်ဆိုင်ရမယ့် "The Curse Of The Pharoahs" DLC ကိုတော့ ၂၀၁၈ ခုနှစ်၊ မတ်လ မှာမှဂိမ်မာများ စတင်ဆော့ကစားနိုင်မှာပါ။ အထက်ဖော်ပြပါ DLC တွေအပြင် အီဂျစ်ပြည်ကြီးတစ်ခုလုံးရဲ့ နက်ရှိုင်းလှတဲ့လျှို့ဝှက်ချက်တွေကို သိရှိနိုင်မယ့် Discovery Mode ကိုလည်း ထည့်သွင်းပေးထားပါတယ်။ အဲဒီ Mode မှာတော့ ကိုယ့်ရဲ့ ဂိမ်းတွင်းတိုက်ခိုက်မှုစနစ်ကို ပိတ်ပေးထားမှာဖြစ်ပြီး၊ ဂိမ်မာတွေကို လေ့လာရေးခရီးတစ်ခုသွားနေရသလို ခံစားရအောင် ဖန်တီးပေးထားမှာပါ။


                အချိန်ကာလကို ကွက်တိကိုက်ညှိပြီး အားလုံးလက်ထဲအရောက်ထည့်ပေးမယ့် AC စီးရီးရဲ့နောက်ဆုံးဂိမ်းသစ်ဖြစ်တဲ့ Assassin's Creed Origins ဂိမ်းဟာ DLC တွေ စုံစုံလင်လင်နဲ့ ဂိမ်းလောကကိုပြန်ပြီး ဂယက်ရိုက်လာစေတော့မှာပါ။ ဒီတော့ စိတ်ဝင်စားစရာတွေပြည့်နှက်နေတဲ့ ရှေးဟောင်းအီဂျစ်ပြည်ကြီးကို ကိုယ်တိုင်ကိုယ်ကျလေ့လာခွင့်ရမယ့်အပြင် Assassin Creed Brotherhood ကြီးဘ ယ်လိုမျိုးထွက်ပေါ်လာသလဲဆိုတာကိုလည်း သိရှိရမှာဖြစ်တဲ့အတွက် ဒီဂိမ်းဟာ AC ပရိသတ်များသာမက အခြားဂိမ်းချစ်သူဂိမ်မာများပါ လုံးဝကိုလက်မလွှတ်သင့်တဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်လို့ ပြောလိုက်ရပါတယ်။


This Article is Contributed by Yan
References
IGN Kotaku Gamespot
About Author
Assinged Tags
PS4 PC expansion packs Gaming Related Assassin Creed Xbox Assassin's Creed Origins The Hidden Ones The Curse of the Pharoahs Trial of Gods
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed