နိဒါန်း
ကျွန်တော်တို့ အခြေခံအဆင့်ကနေ ဘယ်လို ရုန်းထွက်ကြမလဲ? အခြေခံအဆင့်ဆိုတာ ဘာကို ခေါ်တာလဲ? နည်းပညာနယ်ပယ်မှာ အဆင့်တွေကို ဘယ်လိုခွဲလဲ? စသည်ဖြင့် မေးခွန်းတွေ တစ်ခုပြီးတစ်ခု ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါတယ်။ ဘယ်လိုမှ အဖြေရှာ မရပါဘူး။ ဒီလိုနဲ့ အဖြေရမလားဆိုပြီး အင်တာနက်မှာ ရှာကြည့်ပြန်တော့လည်း အဖြေက ရေရေရာရာ မတွေ့ပါဘူး။
အဲဒီတော့ မဖြစ်သေးပါဘူးဆိုပြီး မေးခွန်းကို ပြောင်းမေးကြည့် ပါတယ်။ ကျွန်တော်တို့ အခြေခံအဆင့်ကနေ ဘာကြောင့် မတက်နိုင်တာလဲ? ဘယ်လို အတားအဆီးတွေ ရှိနေပါသလဲ? စသည်ဖြင့် မေးခွန်းတွေ ပြောင်းမေးကြည့်မှ ကျွန်တော်တို့ အခြေခံအဆင့်ကနေ မတက်နိုင်ရခြင်း အကြောင်းအရင်းခံတွေ အများကြီး တွေ့လာပါတော့တယ်။
ဒီတော့ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်တာလည်း ပါသလို၊ အခြေခံအဆင့်က ရုန်းထွက်လိုသူတွေကိုပါ အချင်းချင်း အပြန်အလှန် အကူအညီ ပေးတဲ့အနေနဲ့ ဒီပို့စ်ကို ရေးလိုက်ရခြင်း ဖြစ်ပါတယ်။
ပထမဦးဆုံး ကျွန်တော်အမြင်အရ အခြေခံအဆင့်ကနေ ရုန်းထွက်နိုင်သူကို ပုံဖော်ကြည့်ပါ့မယ်။ လူတစ်ယောက်က Apache, PHP, MySQL စသည်ဖြင့် တွဲစပ်နေတဲ့ အတွဲအစပ်တစ်ခုကို အစကနေ လေ့လာမယ် ဆိုပါတော့။ ခုမှ စမယ့်သူအတွက်တော့ လေ့လာစရာတွေ အများကြီး ဖြစ်နေပါလိမ့်မယ်။
ဒီလို လေ့လာနေရင်း၊ လက်တွေ့လည်း စမ်းသပ်နေရင်း တစ်ချိန်မှာ အဲဒီ နည်းပညာကို လိုက်မှီသွားတဲ့ အခြေအနေတစ်ခုကို ပိုင်ဆိုင်လာ ပါလိမ့်မယ်။ အဲဒီလို လိုက်မှီပြီဆိုရင် ကိုယ့်အတွက် အဲဒီနည်းပညာ အသစ်ထွက်တိုင်း အသစ်ထွက်တဲ့ Feature ကို နားလည်အောင် အသုံးချတတ်အောင် Upgrade လုပ်နေဖို့ပဲ လိုပါတော့တယ်။
အဲဒီလို အခြေအနေမှာဆိုရင် အချိန်နှင့်အမျှ Upgrade လုပ်နေစရာလည်း မလိုတော့ပဲ အချိန်ကာလ တစ်ခုခု ကြာမှသာ Upgrade လုပ်ဖို့ လိုပါတော့တယ်။ ဒီလိုပါပဲ WordPress Theme Developer တွေအနေနဲ့ 2.9.x series နဲ့ လုပ်ကိုက် ဆောင်ရွက်နေတာ အချိန်တွေ မနည်းတော့ပါဘူး။ ခုမှ 3.0 ထွက်မှာပါ။
အဲဒီလို ထွက်တဲ့ အခါကျရင်လည်း ဘာတွေအသစ်ဖြစ်လာလဲ၊ ဘာတွေအသစ်ပါလာလဲ စသည်ဖြင့် လေ့လာပြီး Adapt လုပ်လိုက်ရုံပါပဲ။ ဒီလို အဆင့်ကို ရောက်ပြီဆိုရင် အခြေခံအဆင့်က ရုန်းထွက်နိုင်ပြီလို့ ကျွန်တော် ယူဆပါတယ်။
ကျွန်တော့် ယူဆချက် သက်သက် ဖြစ်ကြောင်း ဝန်ခံပါတယ်။ ဒီတော့ ကျွန်တော်တို့ ဘာကြောင့် အခြေခံအဆင့်က မတက်နိုင်တာလဲ ဆိုတဲ့ အချက်တွေကို သုံးသပ်ကြည့်ရအောင် …
(၁) ငယ်ရွယ်စဉ်ကတည်းက တွေးတောဆင်ခြင်ခြင်းဆိုင်ရာ သင်ကြားမှုများ အားနည်းခဲ့ခြင်း
နည်းပညာဆိုတာ အရင်းခံက အတွေးပါ။ Thinking ပါ။
Thinking ဆိုတဲ့နေရာမှာလည်း ပုံမှန် သမာရိုးကျအတွေး (Linear Thinking) နဲ့ မလုံလောက်ပါဘူး။ သမာရိုးကျ မဟုတ်တဲ့ (Non-linear Thinking) တွေ များများ တွေးတတ်မှ အလုပ်ဖြစ်ပါတယ်။ အဲဒီလို တွေးတတ်ဖို့ဆိုတာ ငယ်ငယ်ကတည်းက သင်ယူလာဖို့ လိုပါတယ်။
လိုင်းတား၊ ဘာမှမစဉ်းစားပဲ ဒီအတိုင်း အလက်ကျွတ်ပြီး ဖြေလာတဲ့ အလေ့အထတွေက ဦးနှောက်တွေကို သေသွားစေပါတယ်။
နည်းပညာကို သင်မယ် ဆိုတော့မှာ အသည်းအသန် တွေးရပါတော့တယ်။ အဲဒီမှာ အတွေးအတွက် အချိန်တွေ ပေးရပါတော့တယ်။
ကျွန်တော် နယ်မြို့ငယ်လေးတစ်မြို့မှာ ရှစ်တန်းတက်တုန်းက ဆရာနှစ်ယောက်ကို ဂါရဝပြု သတိရမိပါတယ်။ မြန်မာစာဆရာနဲ့ သင်္ချာဆရာပါ။ မြန်မာစာဆရာရဲ့ နာမည်က ဦးအောင်သန်းဦး ဖြစ်ပြီး၊ အမြဲတမ်း ပန်းနာရင်ကျပ်နဲ့ နဘန်းလုံး နေရပါတယ်။
ကျွန်တော်တို့မှာ ဆရာနဲ့ စာသင်ချင်လွန်းလို့ ဆရာနေကောင်းတဲ့ အချိန်အထိ ပြုစုတဲ့သူကပြုစု၊ ရေပူရေချမ်းကမ်းတဲ့သူက ကမ်းပြီး စောင့်ရပါတယ်။ ဆရာစာသင်တဲ့ ပုံစံကို ကျွန်တော် ပြောပြပါ့မယ်။ ဆရာက မြန်မာကဗျာတွေကို သင်တော့မယ့်ဆိုရင် အရင်ဆုံး တယောပြားလေးနဲ့ထိုးပြီး ကဗျာကို အရင်ဆိုပြပါတယ်။
အဲဒီကဗျာကို ရေးတုန်းက ကဗျာဆရာရဲ့ ပုံရိပ်ကို မျက်စိထဲ မြင်လာအောင်၊ ကဗျာဆရာရဲ့ ခံစားချက်ကို ဖမ်းဆုတ်မိလာအောင်၊ ဘာကြောင့် ဒီလိုကဗျာတွေ ထွက်အံကျလာရသလဲ စတဲ့ ပုံရိပ်တွေကို အရင် သင်ပေးပါတယ်။ အဲဒီလိုသင်ပေးပြီးမှာ ကဗျာကို ရှင်းပြပါတယ်။
ဒီတော့ ကျွန်တော်တို့မှာ ကဗျာကို ခံစားတတ် စဉ်းစား တတ်လာပါတယ်။ ကိုယ့်ဘဝတွေနဲ့ မတူတဲ့ ဘဝတွေကို Alternative Thinking လုပ်လို့ ရလာပါတယ်။
နောက်ဆရာ တစ်ယောက်က ဆရာဦးကြည်ဝင်းပါ။ သင်္ချာဆရာပါ။ ဆရာက စာသင်တော့မယ် ဆိုတာနဲ့ Blackboard ကို နှစ်ပိုင်း ပိုင်းလိုက်ပါတယ်။ တစ်ပိုင်းက ကြိုက်တဲ့သူ ထွက်တွက်ဖို့၊ တစ်ပိုင်းကတော့ သူတွက်ပြဖို့ပါ။ အဲဒီလို ကြိုက်တဲ့သူ ထွက်တွက်ဆိုတာနဲ့ ကျွန်တော်ရယ်၊ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ရယ် အမြဲတမ်း ဒိုင်ခံထွက်တွက်ကြပါတယ်။
အဲဒီလို တွက်တဲ့အခါမှာ သူနဲ့မတူအောင် တွက်နိုင်ရင် ဆရာအရမ်းပျော်ပြီး ချီးမွန်းခန်းဖွင့်လို့ကို မဆုံးတော့ပါဘူး။ အဲဒီလို မတူတဲ့တွက်နည်းနှစ်ခုကို နှိုင်းယှဉ်ပြီး ပြန်ရှင်းပြလေ့ ရှိပါတယ်။ သူနဲ့ တွက်နည်း တူနေတယ် ဆိုရင်တော့ Alternative Ways တွေကို ပြောပြပြီး တွက်ခိုင်းလေ့ ရှိပါတယ်။ ဒီလို ဆရာကောင်းနှစ်ဦးနဲ့ ကြုံခဲ့တဲ့အတွက် နည်းပညာနယ်ပယ်မှာ မတောက်တစ်ခေါက် တွေးတတ်လာတာလို့ပဲ ကျွန်တော်ကိုယ်ကျွန်တော် ယူဆပါတယ်။
ငယ်စဉ်ကတည်းက တွေးတတ်အောင် မသင်လာခြင်းဟာ မိဘတွေနဲ့လည်း ဆိုင်မယ်ထင်ပါတယ်။ မိဘတွေ ကိုယ်တိုင်က သားသမီးတွေကို တွေးတတ်အောင် သင်ပေးဖို့ထက် အလွတ်ကျက်ဖို့ အားပေးတတ် ကြပါတယ်။ ဒီတော့ တွေးဖို့ထက် ကျက်ဖို့ အားသန် သွားပါတော့တယ်။
ဒီလို အတွေးကို တားစီးလိုက်ခြင်းဟာ နည်းပညာနယ်ပယ်မှာ အခြေခံအဆင့်က မတက်စေတဲ့ ပထမဦးဆုံးနဲ့ အရေးအကြီးဆုံး အတားအဆီးပဲလို့ ကျွန်တော် ယူဆပါတယ်။ တိုးတက်နေတဲ့ ဖွံ့ဖြိုးနေတဲ့ နိုင်ငံတွေကို ကြည့်မယ်ဆိုရင် ငယ်စဉ်ကတည်းက တွေးတတ်အောင်၊ Literal Thinking လို ခက်တဲ့အတွေးတွေကို တွေးတတ်အောင် စနစ်တကျ သင်ပေးနေတာ တွေ့နိုင်မှာ ဖြစ်ပါတယ်။
ဒီတော့ ကလေးတွေအနေနဲ့ ငယ်စဉ်ကတည်းက တွေးတတ်နေတော့ နည်းပညာနဲ့ ထိတွေ့တဲ့အခါ တွေးနည်းတွေကို တန်းသုံးရုံပါပဲ။ ဒီတော့ အချိန်တိုတိုအတွင်းမှာ နည်းပညာနဲ့ ယဉ်ပါးတဲ့သူ ဖြစ်သွားပါတော့တယ်။
(၂) English စာဖတ်အားနည်းခြင်း
ဒါကတော့ ဟိုးကတည်းက ခုအချိန်ထိ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာပါ။ ဆယ်နှစ်လောက် English စာ သင်လာပြီး ဘာကြောင့် မတတ်ရတာလဲ ဆိုတာကိုတော့ ကျွန်တော်ကိုယ်တိုင်လည်း နားမလည်ပါဘူး။ တကယ်တော့ ဆယ်နှစ်မလိုပါဘူး။ နှစ်နှစ် သုံးနှစ်နဲ့ အတိုင်းအတာ တစ်ခုအထိ ပြောနိုင် ဖတ်နိုင် ရေးနိုင်တဲ့ အခြေအနေမှာရှိပါတယ်။
ဒီလို English စာ မဖတ်တတ်တော့ အိုင်တီကို ထိမယ်ဆိုတာနဲ့ တိုင်ပတ်ပါတော့တယ်။ အိုင်တီကို တိုက်ရိုက်လေ့လာလို့ ရရမယ့်နေရာမှာ English စာက လာခံနေတော့ English စာ တတ်အောင် ပြန်သင်နေရပါတယ်။
ဒီနေရာမှာ မြန်မာလို ဖတ်လို့ရအောင် ရှာမယ်ဆိုရင်တော့ မလွယ်ပါဘူး။ ဘာသာပြန်တဲ့သူတွေ ပြန်ဖို့ မမှီလောက်အောင် နည်းပညာစာအုပ်တွေက အထွက်မြန်ပါတယ်။ အဲဒီလို ထွက်သမျှတွေကလည်း English လိုပဲ ရေးထားတော့ English စာ မဖတ်တတ်ရင် လေ့လာလို့ မရတော့တဲ့ အခြေအနေ ရောက်သွား ပါတော့တယ်။
သင်တန်းသွားတတ်တော့ ဆရာသင်တဲ့အတိုင်း ရပါတယ်။ ကိုယ့်ဘာသာ လေ့လာမယ်ဆိုတော့ Self-study လုပ်မယ်ဆိုတော့ အားလုံးက English စာတွေပဲ တွေ့ပြီး တစ်နေပါတော့တယ်။
(၃) နယ်ပယ်တစ်ခုတည်းကို စူးစိုက်သင်ယူမှု အားနည်းခြင်း
ကျွန်တော် ကွန်ပျူတာ အခြေခံတက်ပြီးတဲ့ အချိန်ကို သွားသတိရပါတယ်။ အဲဒီအချိန်တုန်းက ဟိုလူ့ကို မေးတော့ Graphic Design၊ ဒီလူ့ကို မေးတော့ Programming အဲဒီလို နည်းလမ်းမျိုးစုံ၊ အကြံမျိုးစုံကြားမှာ ဘယ်ဟာ လုပ်ရမှန်း မသိဖြစ်ခဲ့ဘူးပါတယ်။ အဖေတွေ၊ အမေတွေကလည်း “မင်းကွန်ပျူတာ သင်နေတာ ဘာလုပ်စားမှာလဲ?” စသည်ဖြင့် Pressure တွေပေးလာတော့ စိတ်ဓာတ်တွေ ကျလာပါတယ်။
ဒီလိုနဲ့ နယ်ပယ်တစ်ခုကို သီးသီးသန့်သန့် မရွေးတတ်တော့ပဲ ဟိုလူလာ ဟိုလူနဲ့ ယောင်၊ ဒီလူလာ ဒီလူနဲ့ ယောင် ယောင်ခြောက်ဆယ် ဖြစ်နေပါတော့တယ်။ ဒါတောင် ကျွန်တော်တို့တုန်းက ကွန်ပျူတာနဲ့ ပတ်သက်ရင် နယ်ပယ်တွေ အများကြီး မရှိသေးပါဘူး။ အခွင့်အလမ်းလည်း အင်မတန် နည်းသေးတဲ့ အချိန်ပါ။
ခုချိန်ဆိုရင်တော အခွင့်အလမ်းလည်း များလာသလို နယ်ပယ်တွေလည်း များလာပါတယ်။ ဒီတော့ ပိုပြီးယောင်လို့ကောင်း လာပါတယ်။ ကျွန်တော်တို့တုန်းက ယောင်ခြောက်ဆယ် ခုချိန်ဆိုရင်တော့ ယောင် ၂၀၀ လောက်ဖြစ်နေပြီ ထင်ပါတယ်။
ကွန်ပျူတာ စလေ့လာခါစက သူငယ်ချင်း တစ်ယောက်ကို သတိရပါတယ်။ အဲဒီတုန်းက သူ့ကြောင့်ပဲ ကျွန်တော် ကွန်ပျူတာ တက်ဖြစ်ခဲ့တာပါ။ ကျွန်တော်ကတော့ သူစပေးတဲ့အတိုင်း ကွန်ပျူတာကိုပဲ တစ်ဆင့်ခြင်း တက်ခဲ့ပေမယ့် သူကတော့ ဟော်တယ်သင်တန်း ဆိုလည်း သွားတက်ပါတယ်။ ဟိုသင်တန်းကောင်းတယ် ဆိုလဲ သွားတက်ပါတယ်။
အစကတော့ သူတက်တဲ့အတိုင်း လိုက်တက်ကြည့်ပါသေးတယ်။ နောက်တော့ စိတ်မပါတော့တာနဲ့ သူနဲ့ လိုက်မတက် ဖြစ်တော့ပါဘူး။ အဲဒီအချိန်တုန်းကတော့ သူနဲ့ စကားပြောတဲ့အခါ အင်မတန် အားကျရပါတယ်။ ဟိုဟာဆိုလည်း သူမပြောနိုင်တာ မရှိ၊ ဒီဟာဆိုလည်း သူမသိတာ မရှိ လက်ဖက်ရယ်ဝိုင်းမှာ အမြဲဦးဆောင်လေ့ ရှိပါတယ်။ ခုနောက်ပိုင်း ပြန်တွေ့တော့ တက်စီ မောင်းနေတယ်လို့ သိရပါတယ်။
ကျွန်တော်လည်း အရမ်းအံ့သြပြီး သူ့ကို မေးကြည့်ပါတယ်။ အရင်တုန်းက တက်ခဲ့တာတွေ မသုံးတော့ ဘူးလားဆိုတော့ သူက ပြန်ပြောပါတယ်။ အခု အသုံးတည့်နေတယ်တဲ့၊ တက်စီ စီးတဲ့ Passenger က ကွန်ပျူတာသမားဆို ကွန်ပျူတာ အကြောင်း ပြောတယ်တဲ့။ ဟော်တယ်က ဆိုရင် ဟော်တယ်အကြောင်း ပြောတယ်တဲ့။ သူနဲ့ အဆင်မပြေတဲ့ Passenger မရှိဘူးလို့ ဆိုပါတယ်။
နိဂုံး
ကျွန်တော် အပေါ်မှာ ပြောခဲ့သလိုပါပဲ။ နည်းပညာတစ်ခုကို လိုက်မှီသွားတဲ့ အခြေအနေဆိုတာ နယ်ပယ်တစ်ခုတည်းကို ကွက်ပြီး သူနဲ့ ဆက်စပ် ပတ်သက်နေတာတွေ တွဲစပ်လေ့လာမှသာ ဖြစ်နိုင်တာပါ။ အဲဒီလိုမဟုတ်ပဲ နယ်ပယ်စုံ လေ့လာနေရင်တော့ ဟိုနေရာမှာလည်း အခြေခံ၊ ဒီနေရာမှာလည်း အခြေခံပဲ ဖြစ်နေပါလိမ့်မယ်။
ယခုဆောင်းပါးကို ၂၀၁၀ ခုနှစ်ခန့်က ရေးသားခဲ့ခြင်းဖြစ်ပါသည်။
Join Us On